- Apr 02, 2017
မန္တလေးတွင် အထည်အလိပ်စက်မှုဇုန် ထူထောင်မည်
မန္တလေးမြို့တွင် အထည်အလိပ် စက်မှုဇုန် (Textile Industry Park) ထူထောင်မည်ဖြစ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
"ကျွန်တော့်ဆီကို လုပ်ငန်းရှင်တချို့ က အထည်အလိပ်ဇုန်တစ်ခုလုပ်ဖို့ အဆိုပြုထားတာ ရှိပါတယ်။ ဒါဟာ လူဦးရေ ငါးသောင်းလောက်ကို အလုပ်အကိုင်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီJICA နဲ့ လုပ်ဆောင်ကြဖို့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဆိုလိုတာက ကျွန်တော်တို့Textile Industry Park တစ်ခု ထူထောင်ဖို့ ရှိပါတယ်"ဟု ဆိုသည်။
မေ ၂၁ ရက်တွင် EU Chamber of Commerce in Myanmar က ဦးစီး ကျင်းပခဲ့သော Bussiness Climate in Upper Myanmar အခမ်းအနားတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။ အဆိုပါပွဲတွင် ဝန်ကြီးချုပ်က မန္တလေး မြို့သို့ ရင်းနှီးမြှုပ်နှံမှုများ လာရောက်ရန် ဖိတ်ခေါ်ခဲ့သည်။ မန္တလေးဒေသသည် စိုက်ပျိုးစီးပွားရေးကဏ္ဍ လုပ်ဆောင်ရန် အားသာချက်များ ရှိနေပြီး အခြားစိတ်ဝင်စားစရာ ကဏ္ဍတစ်ခုမှာ အထည်ချုပ်စက်ရုံဖြစ်ကြောင်း ၎င်းက ပြောသည်။
မြန်မာနိုင်ငံသည် ယခုနှစ်အတွင်း အထည်ချုပ်လုပ်ငန်းက အမေရိကန်ဒေါ်လာ သုံးဘီလျံ ရရှိထားပြီး ယမန်နှစ်ထက် သန်း ၉၀ဝ ကျော်လွန်ရရှိထားကြောင်း၊ မန္တလေးမြို့တွင် လူစွမ်းအားအရင်းအမြစ် များရှိကြောင်းလည်း ၎င်းက ပြောခဲ့သည်။မန္တလေးမြို့သည် လက်ရှိတွင် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလျံ ရှိပြီး နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုမှာကျပ် ၅ ဒသမ ဝ၇ ထရီလျံ ရှိသည်။
"မန္တလေးမြို့ဟာ စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေလည်း မြန်ဆန်တယ်။ ဥရောပနိုင်ငံတွေအတွက် အခွင့်အရေးကောင်းတွေ ရှိတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ဟာ ဘယ်မှာ ရင်းနှီးမြှုပ်နှံမယ်ဆိုတဲ့ ကန့်သတ်ချက်တော့မရှိပါဘူး။ စိုက်ပျိုးရေးထုတ်ကုန်မှာ ကျွန်တော်တို့က ထိပ်တန်းဖြစ်တဲ့အတွက် ကူညီနိုင်မယ်လို့ မျှော်လင့်တယ်"ဟု မြန်မာနိုင်ငံဆိုင်ရာ အီးယူသံအမတ်Mr. Kristain Schmidt အ က ပြောသည်။
မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှ ၂၀၁၉ ဖေဖော်ဝါရီလကုန်ထိ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုသည် စက်မှုကဏ္ဍတွင် အရေအတွက်အားဖြင့် ၁၁ ခု၊ ရင်းနှီးမြှုပ်နှံမှုအားဖြင့် ကျပ်၂၇-၄၅၁ သန်းကျော်၊ ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍတွင် သုံးခု၊ ရင်းနှီးမြှုပ်နှံမှုအားဖြင့် ကျပ် ၁၀,၈၅၉ သန်း ရှိသည်။
အဆိုပါကာလအတွင်း နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုသည် စက်မှုကဏ္ဍတွင်ငါးခု၊ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၂ သန်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍတွင် တစ်ခု၊ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ဝ ဒသမ ၇၄၃ သန်း၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် တစ်ခု၊ ရင်းနှီးမြှုပ်နှံမှုအားဖြင့် ဒေါ်လာ ၂ ဒသမ ၂၀၈ သန်း ရှိသည်။
မန္တလေးတိုင်းဒေသကြီး၏ တစ်ဦးချင်း ဂျီဒီပီသည် ကျပ် ၁၅ သိန်းကျော် ဖြစ်သော်လည်း ယခုဘဏ္ဍာရေးနှစ်တွင် ကျပ် ၁၇ သိန်းကျော်ရရှိရန် မျှော်မှန်း ဆောင်ရွက်နေသည်။
#textile
#garment
#industry
#baganmart.com
Credit - The Myanmar Times