- Apr 02, 2017
အမေရိကန် ရင်းနှီးမြှုပ်နှံမှုများ မြန်မာသို့ တိုးမြှင့်ဝင်ရောက်လာရန်ရှိ
မြန်မာနိုင်ငံသို့ အမေရိကန်ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဝင်ရောက်လာ နိုင်သည့် အခြေအနေများ ရှိနေသည်ဟု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဌဦးဇော်မင်းဝင်းက မြန်မာတိုင်းမ်ကို ပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက သံအမတ်ကြီးH.E. Mr.Scot Marciel နှင့် အမေရိကန်ကုမ္ပဏီကိုးခု၏ ကိုယ်စားလှယ်အဖွဲ့များ သည် ဧပြီ ၂၉ ရက်တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန DICA နှင့် တွေ့ဆုံမှုပြုလုပ်ခဲ့သည်။
ထို့အတူ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI နှင့်လည်း ဧပြီ ၃ဝ ရက်တွင် ထပ်မံတွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံစဉ်ဆွေးနွေးမှုများအရ အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံတွင် တိုးမြှင့်လာမည့် အနေအထား များရှိနေသည်ဟု UMFCCI အသင်းချုပ်ဥက္ကဌဦးဇော်မင်းဝင်းက ပြောသည်။
''ဆွေးနွေးမှုတွေအရဆိုရင် အမေရိကန်အနေနဲ့ မြန်မာမှာရင်းနှီးမြှုပ်နှံမှုတွေတိုးမြ§င့်ဖို့ စိတ်ဝင်စားမှု သိပ်များနေတယ်။ လာဖို့ရှိတယ်ဆိုတာလည်း ပြောသွားတယ်။ လက်ရှိတော့ ကုမ္ပဏီအသေးတွေက တကယ်ဝင်လာဖို့ ဆွေးနွေးနေတာ တွေ့ရတဲ့အတွက် အဲဒီကနေတစ်ဆင့် ကုမ္ပဏီကြီးတွေလည်း ဝင်လာနိုင်ဖို့တော့ မျှော်လင့်ထား တယ်''ဟု ဦးဇော်မင်းဝင်းက ပြောသည်။ကုန်သည်စက်မှုအသင်းချုပ်နှင့် တွေ့ဆုံခဲ့သည့်ဆွေးနွေးမှုတွင် Chevron ၊ Earth Networks ၊ ITW Welding Singapore ၊ Xylerm Water Solutions ၊ Asrophysics, Visa Myanmar ၊ Fedex ၊ GIS ၊ Arizona Tools Company စသည့်ကုမ္ပဏီများ ပါဝင်ခဲ့သည်။
'ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလိုလုပ်ငန်းတွေ၊ ရေသန့်စက်နည်းပညာဆိုင်ရာလုပ်ငန်းလိုမျိုးတွေ တကယ်ဝင်လာဖို့အတွက် ဆွေးနွေးနေတာ တွေ့ရတယ်။ အာမခံလုပ်ငန်းနယ်ပယ်မှာဆိုရင်လည်း အမေရိကန်က ဝင်ရောက်ရင်းနှီးထားပြီးသား ဖြစ်တဲ့အတွက် နောက်ပိုင်းမှာက အလားအလာကောင်းတွေ ရှိနေပါတယ်''ဟု ဦးဇော်မင်းဝင်းက ပြောသည်။
အာမခံဈေးကွက်တွင် နိုင်ငံခြားလုပ်ငန်း ဝင်ရောက်လုပ်ကိုင်နိုင်ရန် နိုင်ငံတော်အစိုးရက ယခုနှစ် ဇန်နဝါရီလက စတင်ခွင့်ပြုရန် ထုတ်ပြန်ခဲ့ပြီး ယခုဧပြီလတွင် နိုင်ငံခြားကုမ္ပဏီငါးခုကို လုပ်ငန်းလုပ်ကိုင်ခွင့်ပေးခဲ့သည်။ ယင်းအနက် အမေရိကန်အခြေစိုက်အာမခံကုမ္ပဏီကြီးဖြစ်သည့် Chubb Life (USA) လည်း တစ်ခုအပါအဝင် ဖြစ်သည်။မြန်မာနိုင်ငံတွင် အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှုများသည် တိုက်ရိုက်ဝင်ရောက်မှုသာ နည်းပါးနေခြင်းဖြစ်ပြီး စင်ကာပူနိုင်ငံမှတစ်ဆင့်ခံ ကာ စင်ကာပူရင်းနှီးမြှုပ်နှံမှုခေါင်းစဉ်အဖြစ် ဝင်ရောက်မှုများရှိထား သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက DICA ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ထမ်းဆောင်စဉ်က ပြောခဲ့သည်။
''Coca Cola အချိုရည်ကုမ္ပဏီဟာဆိုရင် အမေရိကန်အခြေစိုက်ကုမ္ပဏီဖြစ်ပေမဲ့လို့ မြန်မာ နိုင်ငံမှာဝင်ပြီး လုပ်ကိုင်တဲ့အခါမှာ စင်ကာပူနိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုအဖြစ်နဲ့သာ ဝင်ထားတာပါ။ အလားတူ တခြားကုမ္ပဏီတွေလည်း အများကြီးရှိသေးတယ်''ဟု ဦးအောင်နိုင်ဦးက ပြောသည်။အလားတူပင် PEPSI အချိုရည်ကုမ္ပဏီသည်လည်း တောင်ကိုရီးယားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအဖြစ် ဝင်ရောက်ထားသည်။ သို့သော် သီလဝါအထူးစီးပွားရေးဇုန်တွင်မူ အီလက်ထရောနစ် ပစ္စည်းများ ထုတ်လုပ်သော GE ကုမ္ပဏီနှင့် အရည်ထုတ်ကုန်များအတွက် ပုလင်းအခွံများ ထုတ်လုပ်သည့် Ball ကုမ္ပဏီက တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများအဖြစ် ဝင်ရောက်ထားသည်။
အမေရိကန်နှင့် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏတိုးမြှင့်လာရေးမှာ ၎င်းတို့၏ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုဝင်ရောက်လာခြင်းမှတစ်ဆင့် ပိုမိုများလာနိုင်သည်ဟု UMFCCI ဒုတိယဥက္ကဌဒေါက်တာမောင်မောင်လေးက ပြောသည်။လက်ရှိတွင် မြန်မာနိုင်ငံ၌ အမေရိကန်နိုင်ငံ၏ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဝင်ရောက်ထားမှုပမာဏသည် ၂ဝ၁၄−၁၅ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာနှစ်သန်းကျော်၊ ၂ဝ၁၅−၁၆ဘဏ္ဍာနှစ်တွင်၂ ဒသမ ၆၁ သန်းကျော်၊ ၂ဝ၁၇−၁၈ဘဏ္ဍာနှစ်တွင် ၁၂၈ ဒသမ ၆၈ သန်းကျော်၊ ၂ဝ၁၈ ခုနှစ်ခြောက်ဘဏ္ဍာနှစ်တွင် ၅၅ ဒမသ ၉ သန်းကျော်ဖြင့် အသီးသီး ဝင်ရောက်ထားသည်။ ၁၉၈၈ ခုနှစ်မှ ၂ဝ၁၁ ခုနှစ်အထိရှေ့ပိုင်းကာလတွင်မူ ကန်ဒေါ်လာ ၂၄၃ ဒသမ ၅၆ သန်းကျော်သာ ဝင်ရောက်ထားသည်။
#baganmart.com
#businessnews
Credit - The Myanmar Time