Sun Flower စရိတ်ကုန်သက်သာ ဆီထွက်နေကြာ

စားသုံးဆီ ဖူလုံရေး အတွက် နေကြာကို ဆီထွက် သီးနှံအဖြစ် စိုက်ပျိုးရန် စည်းရုံးခဲ့စဉ်က “ရေရာ သေချာအောင် နေကြာစိုက်ပါ”ဟု
ကြွေးကြော်လှုံ့ဆော် ခဲ့ရသည်။ ထိုစဉ်က “သွားမလုပ်နဲ့ နွားပြုတ်သွားမယ်”ဟု  နေကြာစိုက်၍ ရှုံးခဲ့သော လယ်သမားကြီး များက
သရော်ခဲ့ ကြသည်။ အမှန်မှာ နေကြာကို စနစ်တကျမစိုက်ကြသဖြင့် ရှုံးကြခြင်း ဖြစ်သည်။ ယခုအခါ နေကြာဆီဖြင့် သူဋ္ဌေး ဖြစ်နေသူ
များပင် ရှိနေပေပြီ။

မိုးနေကြာ၊ ဆောင်းနေကြာ
မြန်မာနိုင်ငံတွင် နေကြာကို ဧက ထောင်ပေါင်း ၁,၅၇၇ ဧက စိုက်ပျိုးလျက်ရှိ သဖြင့်  တတိယ အများဆုံး စိုက်ပျိုးသော သီးနှံဖြစ်
သည်။ အချိန်အလိုက် မိုးနေကြာ၊ ဆောင်းနေကြာဟု ခွဲခြား ထားသည်။ မိုးနေကြာကို ယာမြေ များနှင့် ဆောင်းနေကြာကို စပါးအပြီး
သီးထပ်အဖြစ် စိုက်ပျိုးသည်။ ကိုင်းကျွန်းမြေ များတွင် ဆောင်းသီးနှံ အဖြစ် စိုက်ပျိုးကြသည်။ ဆောင်းနေကြာ စိုက်ပါက အစိုဓာတ်
မိရန် စိုက်ချိန် အရေးကြီးသည်။ စိုက်ချိန် နောက်ကျလျှင် အစိုဓာတ်ခန်းပြီး နေကြာစေ့လည်း ကန်းသွားမည်။ မိုးစပါးအပြီး ဆောင်း
သီးထပ် နေကြာ စိုက်လျှင် အစိုဓာတ်မိရန် အရေးကြီးသည်။ ထို့ကြောင့် မိုးစပါးကို(အောက်တို ဘာလကုန်၊ နိုဝင်ဘာလဆန်း)
စောစောရိတ်နိုင်ရန် သတ်လတ်စပါးမျိုးများကို စိုက်ရမည်။ နေကြာကို နိုဝင်ဘာလအပြီး စိုက်နိုင်ပါက ၃၅ တင်းနှုန်းထွက်သည်။
နောက်ကျ စိုက်လေ အထွက်ကျလေဖြစ်သည်။

နေကြာပွင့်
နေကြာပွင့်သည် စုပေါင်း ပန်းခိုင် ဖြစ်သည်။ စက်ဝိုင်းတွင် အ၀ါရောင် ပွင့်ဖတ်ကြီးများ ၀န်းရံထားပြီး အတွင်းဝိုင်းတွင် အဖို အမ လိင်စုံ
ပန်းပွင့်ငယ်များ ဖွဲ့စည်းထားသည်။ အဖိုအမ လိင်စုံပန်းပွင့်ငယ် များသည် အပြင်စက်ဝိုင်းမှ အတွင်းစက်ဝိုင်းသို့ တစ်ရစ်ချင်းပွင့်သည်။
တစ်ရစ်နှင့် တစ်ရစ် နှစ်ရက်ခန့် ကြာသည်။ ပန်းတစ်ပွင့်လုံး ပွင့်ရန် ငါးရက်မှ ၁၀ ရက်ခန့်ကြာသည်။ ပန်းပွင့်ငယ်များ ပွင့်ရာတွင် အဖို
ဝတ်ဆံ အိတ်များ ဦးစွာပေါက်ကွဲပြီး ၁၂ နာရီမှ ၂၄ နာရီ ကြာမှ အမ၀တ်ဆံတိုင် ကြီးထွားဖွံ့ဖြိုး ထိုးထွက်လာသည်။

ဝတ်မှုန်ကူးခြင်း
အဖို ၀တ်ဆံအိတ် ပေါက်ကွဲချိန်နှင့်  အမ၀တ်ဆံတိုင် ကြီးထွားချိန် မတူညီသဖြင့် လိင်စုံပန်းပွင့်ငယ် တစ်ပွင့်တည်း သဘာဝ
အလျောက် ၀တ်မှုန်ကူး သန္ဓေအောင်ရန် အခွင့်အလမ်းနည်းပါးသည်။ အဖိုဝတ်မှုန် များသည် လေး၍ စေးကပ်သည်။ လေဖြင့်
ဝတ်မှုန် ကူးရန် ခဲယဉ်းသည်။ အဖို ၀တ်မှုန်နှင့် အမ၀တ်ဆံတိုင်တို့ ကူးလူးဆက်ဆံ ၀တ်မှုန်ကူးရန် လိုအပ်သည်။ နိုက်ထရိုဂျင်ဓာတ်
နည်းခြင်း၊ အစိုဓာတ် မလုံလောက်ခြင်း၊ ပျားအပါအ၀င် အင်းဆက်များ လာရောက်မှု နည်းခြင်းကြောင့် အောင်စေ့ နည်းတတ်သည်။
ပျား၊ ပိတုန်း၊ လိပ်ပြာ၊ အင်းဆက် များ၏ အကူအညီ သို့မဟုတ် လူ၏အကူအညီဖြင့် တစ်ပွင့်နှင့် တစ်ပွင့် မျက်နှာချင်းအပ် ၀တ်မှုန်ကူး
ပေးမှသာ သန္ဓေအောင်ပြီး အောင်စေ့များမည်။ နေကြာ တစ်ပွင့်တွင် အောင်စေ့ ၁၂ စေ့တိုးတိုင်း တစ်ဧက တစ်တင်း တိုးထွက်နိုင်
သည်ဟု သိရသည်။ ပန်းပွင့်ချိန်၌ မြေတွင် အစိုဓာတ်  ရာခိုင်နှုန်း ၃၀ မှ ၃၅ ရာခိုင်နှုန်း ရှိမှသာ ၀တ်မှုန်ကူး သန္ဓေအောင်ပြီး အစေ့
အောင်မြင် ပြည့်ဖြိုးနိုင်သည်။

အမ ၀တ်ဆံတိုင်သည် ၂၀ စင်တီဂရိတ်မှ ၃၀ စင်တီဂရိတ် အတွင်း နှစ်ရက်မှ ၁၀ ရက်ထိ အဖိုဝတ်မှုန် များကို လက်ခံနိုင်သည်။ အပူ
ချိန် ၃၀ ဒီဂရီ စင်တီဂရိတ်ထက် ကျော်သွားပါက အဖို ၀တ်မှုန်များနှင့် အမ၀တ်မှုန်ဆံတိုင်များ တစ်ရက်အတွင်း ပျက်စီးတတ်သဖြင့်
ပန်းပွင့်ချိန် အပူချိန်မြင့်မမိစေရန် (ဖေဖော်ဝါရီ၊ မတ်လများ မဖြစ်စေရန်)စိုက်ချိန်ကို ချိန်ကိုက် စိုက်ပျိုးရမည်။

စိုက်ပျိုးနည်း စနစ်များ
စိုက်ပျိုးနည်း စနစ်မှာ နေကြာသည် ၀တ်မှုန်ကူးသန္ဓေအောင်ပြီး အောင်စေ့ ရမှသာ ဆီရနိုင်သည်။ မည်သည့်စနစ်နှင့် စိုက်သည်ဖြစ်
စေ တစ်ဧကရှိရမည့် အပင် အရေအတွက် (အပွင့်အရေအတွက်)တစ်ပွင့်ပါ အောင်စေ့ အရေအတွက်၊ အစေ့ ၁,၀၀၀ အလေးချိန်
စသည့် အထွက်နှုန်း မိတ်ဖက် အချက်များ ပြည့်ဝအောင် ဆောင်ရွက်ရန် လိုအပ်သည်။ တစ်ဧက အပွင့်အရေအတွက်  ၂၉,၀၀၀၊
တစ်ပွင့်ပါ အောင်စေ့ ၆၀၀ ကျော်၊ အစေ့ ၁,၀၀၀ အလေးချိန် ၃၅ ဂရမ် ရရှိပါက အထွက်နှုန်း တင်း ၅၀ ထွက်ရှိနိုင် ပါသည်။

တစ်ဧက ရှိရမည့် အပွင့် အရေအတွက် အပြည့်အ၀ ရရှိစေရန် အပင်ပေါက် ရာခိုင်နှုန်း ၈၀ နှင့်အထက်မျိုးကို အသုံးပြုရမည်။ ဆင်း
ရွှေကြာ(၂)နှင့် ရေဆင်း စပ်မျိုးနေကြာ မျိုးကို အသုံးပြုသင့်သည်။ အစိုဓာတ်မိစေရန် စိုက်ချိန်မှန်အောင် စိုက်ရမည်။ မွေးမြူရေး
ပျားအုံများ ထားရှိသင့်သည်။ ဖူးပွင့်စချိန်၊ ပန်းဖြိုင်ဖြိုင်ပွင့်ချိန်၊ သန္ဓေအောင်ပြီး အစေ့အတွင်း အစာဖြည့်တင်းချိန်များတွင် အစိုဓာတ်
နှင့် အာဟာရမချို့တဲ့စေရန် သတိပြုရမည်။ သို့မှသာ အစေ့တစ်စေ့ချင်း အလေးချိန်စံနှုန်းမီမည်။ အစေ့ ၁,၀၀၀ အလေးချိန် တစ်
ဂရမ်တိုးတိုင်း ၁ ဒသမ ၄ တင်းခန့် တိုးထွက်သည်ဟု သိရသည်။

နေကြာပင်သည် ဓာတ်မြေသြဇာ များများ စားသော သီးနှံဖြစ်သည်။ နေကြာ တစ်ဧက တင်း ၅၀ ထွက်ရှိရန် တစ်ဧက ယူရီးယား
၁၁၂ ပေါင်၊ တီစူပါ ၅၆ ပေါင်၊ ပိုတက်ရှ် ၁၁၂ ပေါင်ကို မြေဆွေးနှင့် ရောသုံးရမည်။ နေကြာ စိုက်ပျိုးနည်း စနစ် အမျိုးမျိုးတွင် ထယ်
ကြောင်း ထိုးစူး ထိုးစနစ်၊ ရိုးရိုး စူးထိုးစနစ်၊ ပေါက်ပြားပေါက်စနစ်၊ သီးညှပ် စနစ်များကို အသေးစိတ်တင်ပြလိုပါသည်။ အဆိုပါ စိုက်
စနစ်များဖြင့် စိုက်မည် ဆိုလျှင် မိုးစပါးကို အောက်တို ဘာလကုန် နိုဝင်ဘာလဆန်း ရိတ်ရမည့် သက်လတ် စပါးမျိုး စိုက်ရမည်။
ရိုးပြတ်ကို တစ်ပေခွဲချန် ရိတ်ပြီး အစိုဓာတ်ထိန်းနိုင်စေရန် ကြမ်းတုံးဖြင့် တစ်ဖက်သတ်လှဲ ပေးရမည်။

ထယ်ကြောင်း ထိုးစူးထိုးစနစ်
လှဲထားသော ရိုးပြတ်ထဲတွင် နွားထယ် သေးသေးဖြင့် တစ်တန်းနှင့်တစ်တန်း နှစ်ပေခြား အနက်လေး လက်မခန့် ထယ်ကြောင်း
ပေးပါ။ ၎င်းထယ်ကြောင်းထဲတွင် အချင်း သုံးလက်မခန့် သစ်သားစူးဖြင့် တစ်ကျင်းနှင့်တစ်ကျင်း ကိုးလက်မခြား၍ လေးလက်မ
အနက်ခန့် စိုက်ကျင်းထိုးပါ။ ထယ်ကြောင်းခံပြီး စူးထပ်ထိုးခြင်းမှာ အစိုဓာတ် ပိုမိုရရှိစေရန်၊ အမြစ်နှင့်အစိုဓာတ် ထိတွေ့စေရန်
ဖြစ်ပါသည်။ ၎င်း စိုက်ကျင်း ထဲသို့ မြေဆွေးနှင့်စက်ဖွဲပြာ ဆတူရော ထားသော မြေအရောကို လက်နှစ်ဆုပ်စာ အောက်ခံအဖြစ်
ထည့်ပါ။ ၎င်း အောက်ခံ မြေပေါ်သို့ စလုတ်ပြူအဆင့် အညှောင့်ဖောက် ထားသော နေကြာစေ့ သုံးလေးစေ့ ထည့်ပါ။ ၎င်းမျိုးစေ့
အပေါ်မှ မြေဆွေး၊ စက်ဖွဲပြာ အရောကို လက်တစ်ဆုပ်စာ ပြန်ဖုံးပေးပါ။

ဤစနစ်ဖြင့် လူလေးယောက် တစ်မနက် တစ်ဧက စိုက်ပျိုးပြီးစီးပါသည်။ တစ်ပတ် ခန့်ကြာလျှင် နေကြာပင်များ ကျင်းပေါ်သို့
ထိုးထွက်လာပါမည်။ နှစ်ပတ်ခန့်ကြာပါက တစ်ကျင်းလျှင် အသန်ဆုံး နှစ်ပင်ချန်၍ သားခွဲပစ်ပါ။

ရိုးရိုးစူးထိုးနှင့် ပေါက်ပြားပေါက်စနစ်
၎င်းစနစ်မှာ စပါးရိုးပြတ် လှဲထားသော ကြားထဲတွင် တစ်တန်းနှင့် တစ်တန်း နှစ်ပေခြားကာ တစ်ကျင်းနှင့် တစ်ကျင်းကိုးလက်မ
ခြားပြီး အချင်းသုံး လက်မခန့်ရှိ သစ်သားစူးဖြင့် လေးလက်မခန့် အနက် အတန်းလိုက် စိုက်ကျင်းစူး ထိုးဖော်ပါ။ ယခုအခါ
လုပ်ငန်းတွင် ကျယ်စေရန် တစ်ပင်တိုင်စူး၊ နှစ်ပါးသွားစူး၊ လှည်းဘီးဝိုင်းစူး စသည်ဖြင့် တီထွင် အသုံးပြုလျက် ရှိကြသည်။
ပေါက်ပြား ပေါက်စနစ် တွင်လည်း အထက်ပါ စူးထိုး စနစ်အတိုင်း တန်းကြား၊ ကျင်ကြား အကွာအဝေးကို ပေါက်ပြားနှင့် အတန်း
လိုက် ကျင်းဖော်ပါသည်။ ပေါက်ပြားကို တစ်စောင်းထားပေါက်၍ ကျင်းအနက် လေးလက်မခန့်ဖော်ပေးပါ။ အထက်ပါ စူးထိုး
စိုက်ကျင်း များနှင့် ပေါက်ပြား ပေါက် စိုက်ကျင်းများတွင် မြေဆွေး၊ စက်ဖွဲပြာ အရောထည့်၍ နေကြာစေ့ သုံးလေးစေ့ချ စိုက်ပျိုး
ကြသည်။

အပေါ်မှ မြေဆွေး၊ စက်ဖွဲပြာ အရော ပြန်ဖုံးပေးသည်။ တစ်ပတ်ခန့်ကြာလျှင် နေကြာပင်များ ကျင်းပေါ်သို့ ထိုးထွက်လာပြီး နှစ်
ပတ်ကြာလျှင် တစ်ကျင်းတွင် အသန်ဆုံး နှစ်ပင်ချန်၍ သားခွဲပါ။ နောက်ဆုံးတွင် အသန်ဆုံး၊ အသေချာဆုံး တစ်ကျင်း တစ်ပင်
ချန်သည်ထိ သားခွဲပါ။

နွားချေးစိမ်း မြေသြဇာ
အထက်ပါ နေကြာစိုက် စနစ်များတွင် နေကြာအထွက်သေချာအောင် မြေဆွေး၊ နွားချေး၊ ဓာတ်မြေသြဇာများကို ရေနှင့် ဖျော်၍
လူလုပ်အားဖြင့် လောင်းပေးရပါသည်။ လူနှစ်ယောက် တစ်မနက် လေးဧကမှ  ခြောက်ဧကထိ ပြီးစီးနိုင်သည်။ ဆောင်ရွက်နည်း
မှာ နေကြာခင်းများအနီးတွင် စည်ပိုင်း၊ စဥ့်အိုးကြီး၊ ပလတ်စတစ်ကန်ကြီး စသည် တို့တွင် ရေထည့်ပြီး ၎င်း ရေထဲသို့ နွားချေး
အစိမ်း ရှစ်ပိဿာမှ ၁၀ ပိဿာအထိ (ထည့်မည့် အခံပစ္စည်း အရွယ်အစားအလိုက်) ထည့်ပါ။ ၎င်းင်းထဲသို့ ယူရီးယား၊ တီစူပါ၊
ပိုတက်ရှ်၊ ဂျစ်ပဆန် မြေသြဇာများကို အချိုး ကျ ထည့်ပါ။ ထို့နောက် ကောင်းစွာပျော် သွားသည်အထိ မွှေပေးပြီး တစ်ပတ်ခန့်စိမ်
၍ နှပ်ထားပါ။

နေကြာပင် သုံးပတ်သားတွင် အထက်ပါ နွားချေးနှင့် မြေသြဇာစိမ်ရေ နို့ဆီဘူး တစ်ဘူးကို ရေ လေးဂါလံနှင့်ဖျော်ပြီး တစ်ကျင်း
လျှင် နို့ဆီဘူး သုံးဘူးမှ ခြောက်ဘူး ပထမအကြိမ် လောင်းပေးရသည်။ လယ်သမားကြီးများက အပင်ဖြစ်ရေဟု ဆိုပါသည်။
ပန်းဖူးပေါ်စအချိန် (အရွက် ရှစ်ရွက်ထွက်ချိန် လယ်သမားအခေါ် ကြက်ချေးစု ချိန်တွင်) အပင်သက် ရက် ၄၀ မှ ၄၅ ရက်ခန့်တွင်

တစ်ကျင်းလျှင် နို့ဆီဘူး ခြောက်ဘူး မှ ရှစ်ဘူး ဒုတိယအကြိမ် လောင်းပေးရသည်။

လယ်သမားကြီး များက ပွင့်ဖူးရေ အစာလေး တိုက်သည်ဟု ဆိုကြသည်။ ပန်းဖြိုင်ဖြိုင်ပွင့်ချိန် (စကြာလှည့်ချိန်) အပင်သက် ရက်
၆၀ မှ ၇၅ ရက်ခန့်တွင် တစ်ကျင်းလျှင် နို့ဆီဘူး ရှစ်ဘူးမှ ၁၀ ဘူး တတိယ အကြိမ် လောင်းပေး ရသည်။ လယ်သမားကြီး များက
အစေ့အောင်ရေ အစာကြီး တိုက်သည်ဟုဆိုသည်။ အတွေ့အကြုံအရ နွားချေးစိမ်း မြေသြဇာအရည် ပထမ တစ်ကြိမ်သာ
လောင်းလျှင် တစ်ဧက ၁၀ တင်းမှ ၁၅ တင်းခန့်ထွက်၍ ပထမနှင့် ဒုတိယ နှစ်ကြိမ်သာလောင်းပေးလျှင် တင်း ၂၀ မှ ၂၅ တင်းခန့်
ထွက်ပြီး သုံးကြိမ်ပြည့် အောင် လောင်းပေးလျှင် တင်း ၃၀ မှ ၃၅ တင်းခန့် ထွက်ပါသည်။ လေးကြိမ်မှ ငါး ကြိမ်အထိ လောင်းပေး
ပါက ပန်းတိုင် အထွက် တင်း ၅၀ ကို ကျော်လွန်နိုင်ပါသည်။

သီးညှပ်စနစ်
နေကြာသီး ညှပ်စနစ်ကို ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ မွန်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် အများအပြား စိုက်ပျိုး
ကြသည်။ အစေ့ထုတ်ပြောင်း၊ နှမ်း၊ ဂျုံ၊ မြေပဲ၊ မတ်ပဲ၊ ကုလားပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်းတို့နှင့် ရောကြဲပြီး သီးညှပ်အဖြစ်လည်းကောင်း၊
တန်းစုကြား ခြောက် ပေမှ ရှစ်ပေခြား၍ တစ်တန်းနှင့်တစ်တန်း နှစ်ပေခြား၊ တစ်ကျင်းနှင့်တစ်ကျင်း ခြောက်လက်မခြား သို့မဟုတ်
ကြက်မြီးတန်းဖြင့် စနစ်တကျ အတန်းစိုက် သီးညှပ်အဖြစ် လည်းကောင်း စိုက်ပျိုးကြသည်။ အတန်း သီးညှပ်ဖြစ်ပါက နေကြာ
သီးညှပ် ငါးဧက စိုက်လျှင် နေကြာသီးသန့် စိုက်ခင်းတစ်ဧက မှတ်ယူနိုင်ပါသည်။ တချို့ဒေသများတွင် ငရုတ်စိုက်ခင်းများ၌
”ငရုတ်အကျ နေကြာ အထ” ဆိုပြီး ငရုတ်နှင့် သီးညှပ်စိုက်သည် ကိုလည်း တွေ့ရပါသည်။ ငရုတ်ခင်းကို  အစာကျွေး ရေပေးရာမှ
နေကြာ အလိုအလျောက် အထွက်ကောင်းသည်ဟု ဆိုကြပါသည်။

ဤသည်ကို နမူနာယူ၍ ဟင်းသီး ဟင်းရွက်နှင့် ဖရဲ စသည့် ရေသွင်း စိုက်ပျိုးရသော သစ်သီးဝလံစိုက်ခင်းများ (သက်တမ်းငယ်စဉ်)
တွင် နေကြာကို သင့်တင့်သော အတန်းအကွာအဝေးနှင့် သီးညှပ်စိုက်လျှင် အထွက်သေချာပါမည်။ နေကြာကို မည်သို့ပင် သီးညှပ်
စိုက်သည်ဖြစ်စေ အတန်းလိုက် စနစ်တကျ စိုက်ပျိုးမှသာ အောင်မြင်နိုင်ပါသည်။  အထွက်သေချာပါမည်။ အတန်းလိုက်  သီးညှပ်
စိုက်ပြီး သက်တမ်းအလိုက် ပေါင်းလိုက် မြေဆွပြီး နွားချေးနှင့်ဓာတ်မြေသြဇာ အရည်ကို သုံးကြိမ်ပြည့်အောင် လောင်းပေးခြင်း၊
ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်း များကို မဖြစ်မနေ ပြုလုပ်ရပါမည်။ ဤသို့ မဟုတ်ဘဲ အဖြစ်သဘော စိုက်ပျိုးပါက နေကြာပန်းပွင့်
သာရရှိပြီး နေကြာဆီ ရမည် မဟုတ်ပေ။ နေကြာကို ထယ်ရေးမဲ့စနစ်ဖြင့် စိုက်ပျိုးပါက အစိုဓာတ်မိ၍ စိုက်ချိန်မှန်လျှင် ဧကများများ
စိုက်ပျိုးနိုင်ပါသည်။ ထွန်ထယ် စရိတ်သက်သာပြီး အထွက်နှုန်းလည်း သေချာပါသည်။ သို့ပါ၍ စားသုံးဆီ ဖူလုံရေးအတွက် စရိတ်
ကုန်သက်သာ အထွက် နှုန်း သေချာသည့် ဆီထွက်နေကြာ ရေရာအောင် သေချာစိုက်ကြပါရန် ရေးသား တင်ပြလိုက် ရပါသည်။

credit- အောင်ဆန်း (စိုက်ပျိုးရေး)

မြန်မာတောင်သူကြီးများ ဂျာနယ်

www.baganmart.com

Follow Us