Rice Policy တွင် ရေးဆွဲသင့်သည့် အချက်များ

အိမ်နီးချင်း နိုင်ငံများ ဖြစ်သည့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဗီယက်နမ်
နိုင်ငံ တို့သည် ဆန်စပါးမူဝါဒ (Rice Policy) ကို ပြတ်ပြတ်သားသား ရေးဆွဲ ပြောင်းလဲခဲ့ပြီး အောင်မြင်မှု ရရှိခဲ့သည်မှာ နှစ်အတန်ကြာ
ခဲ့ပြီ ဖြစ်သည်။ ဆန်စပါး မူဝါဒရေး မည်ဆိုလျှင် ဘယ်လို ရည်ရွယ်ချက်နှင့် ရေးမည် နည်းဆိုသည်မှာ အဓိကကျမည်ထင်သည်။ ဆန်
စပါးနှင့် ပတ်သက်၍ (၁)စိုက်ပျိုးထုတ်လုပ်သူ  တောင်သူလယ်သမားကြီးများ၊ (၂)ရောင်း ၀ယ်ဖောက်ကား ကြိတ်ခွဲထုတ်လုပ်တင်ပို့
သူများဟု နှစ်ပိုင်းရှိပါမည်။ ဤသို့ဆိုလျှင် ရည်ရွယ်ချက်သည် စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားကြီးများ ဆန်စပါး ထုတ်
လုပ်မှုဖြင့် ကြီးပွားချမ်းသာစေလိုသော အချက်ကို ဦးတည်ထားရမည်ဖြစ်သည်။

တစ်ဖန် ရောင်းဝယ် ဖောက်ကား ကြိတ်ခွဲ ထုတ်လုပ်တင်ပို့သူများလည်း အဆင်ပြေ ချောမွေ့စေပြီး မျှတသော စီးပွားရေး တွက်ခြေ
ကိုက်မှုကိုလည်း ထည့်သွင်း စဉ်းစားရန် လိုသည်။ ဆန်စပါး စိုက်ပျိုး ထုတ်လုပ်သည်မှ ရောင်းဝယ်ဖောက်ကား ကြိတ်ခွဲတင်ပို့သည်
ထိ (Supply chain)  တစ်ခုလုံး လွှမ်းခြုံမိအောင် စေ့စပ်သေချာစွာ ရေးဆွဲဖို့လိုမည် ဖြစ်သည်။ စိုက်ပျိုး ထုတ်လုပ်သူ တောင်သူ
လယ်သမားကြီးများ အတွက် စဉ်းစားမည် ဆိုလျှင် စိုက်ပျိုးမည့် လယ်မြေသည် ဆန်စပါး အရည်အသွေး ကောင်းပြီး အထွက်နှုန်း
ကောင်းအောင် ထုတ်လုပ်ပေးနိုင်သော မြေဖြစ်ရမည်၊ မြေသြဇာ ထက်သန်ရမည်၊ ရေသွင်း ရေထုတ်ကောင်းရမည်၊ လယ်မြေ၏
မျက်နှာပြင်ညီ ရမည်၊ လယ်ကွက်၏ အရွယ်အစား ကျယ်ရမည်။

ဤသို့ အခြေအနေ ဖြစ်အောင် ဖန်တီးရာတွင် အရင်းအနှီး များသဖြင့် လယ်သမားများက ကိုယ်တိုင် လုပ်ရန် မတတ်နိုင်ကြပါ။ သို့ပါ၍
နိုင်ငံတော်က တစ်နည်းနည်းဖြင့် ရင်းနှီး မြှုပ်နှံ ငွေကြေးရှာဖွေ၍ ဆောင်ရွက်ပေးရန် လိုပါသည်။ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ဂျပန်
နိုင်ငံ၊ တရုတ်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ တို့တွင် ဆန်စပါး မူဝါဒ ပြောင်းလဲခဲ့ခြင်းနှင့် အတူ လယ်ယာမြေ အဆင့်မြှင့် ပြောင်းလဲခြင်းကို
နိုင်ငံပိုင် ငွေကြေး၊ ဈေးကွက်၊ ထောက်ပံ့ငွေများဖြင့် ဆောင်ရွက်ခဲ့သည်မှာ ကြာခဲ့ပါပြီ။ သို့အတွက်လည်း အဆိုပါနိုင်ငံ များသည် ဆန်
စပါးအထွက်နှုန်း၊ အရည် အသွေး ကောင်းမွန်သဖြင့် ရှေ့တန်းက ပြေးနေသည်မှာ ငြင်းဖွယ်ရာမရှိပေ။ သို့အတွက် လယ်ယာမြေ
အဆင့်မြှင့်တင် ပြုပြင် ပြောင်းလဲခြင်း (Land Consoldaration) လုပ်ငန်း ကို မည်သူက မည်သည့်နည်းလမ်းဖြင့် ဆောင်ရွက်မည်ကို ထည့်သွင်းရေးဆွဲသင့် ပါသည်။

နောက်တစ်ချက်မှာ တောင်သူ လယ်သမားကြီးများ စိုက်ပျိုးမည့်မျိုး ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ပြည်ပပို့ကုန်နှင့် ပြည်တွင်း စားသုံး
အတွက် မျှော်မှန်း၍ စပါးစိုက်ပျိုး ကြပါသည်။ စိုက်ပျိုးကြသော မျိုးများမှာ (၁)ငစိန်အုပ်စု၊ (၂)ဧည့်မထအုပ်စု၊ (၃)လက်ရွေးစင်အုပ်စု၊
(၄)ငကျွဲအုပ်စု၊ (၅) မီးဒုံးအုပ်စု၊ (၆)ဗျတ်အုပ်စုတို့ ဖြစ်ကြသည်။ ၎င်း အုပ်စုများအနက် ပြည်ပပို့ကုန်နှင့် ပြည်တွင်း စားသုံးမှုအတွက်
စိုက်ပျိုးဧက အများဆုံးမှာ ဧည့်မထအုပ်စုဝင် စပါးမျိုး များဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဧည့်မထ အုပ်စုဝင် စပါးမျိုးပေါင်း ၃၀၀ ခန့်
စိုက်ပျိုး လျက်ရှိသည်။ ဧည့်မထအုပ်စုသည် ဆန်စေ့ အရှည် ၆ ဒသမ ၆ မှ ၇ ဒသမ ၅ မီလီမီတာ၊ အနံအလျား သုံးမီလီမီတာရှိရ
မည်ဟု စံနှုန်း သတ်မှတ်ထားပါသည်။ နိုင်ငံတကာ ပြည်ပ ပို့ကုန် ဆန်၏စံနှုန်းမှာ ဆန်၏အရည် ၇၅ မီလီမီတာနှင့် အလျား၊ အနံ
သုံးမီလီမီတာ ရှိရန် သတ်မှတ်ထားသည်။

(Long grain) ဖြစ်ပါသည်။ ဧည့်မထအုပ်စုဝင် စပါး မျိုးပေါင်းများ သဖြင့် အရွယ်အစား မညီသော ဆန်မျိုးပေါင်း များစွာရောနှောနေ
ပါသည်။ ဆန်လုံး အရွယ်အစားမညီသည့် အပြင် ဆန်လုံး အရှည်၊ အလျား၊ အနံ အချိုး သည်လည်း နိုင်ငံတကာစံနှုန်း အရွယ်အစား
သို့ မမီသဖြင့် အဆင့်မြင့်ရောင်းတန်းသို့ မ၀င်ပါ။ ဧည့်မထအုပ်စုဝင်ဆန်သည် မည်သို့ပင် ပျံနေအောင် ကောင်းနေစေကာမူ  နိုင်ငံ
တကာ ဈေးကွက်တွင် ပွဲမ၀င်ပါ။ ဈေးကောင်းမရပါ။ သို့အတွက် နိုင်ငံတကာဈေးကွက်ဝင် အဆင့်မြင့် အရည်အသွေးကောင်း
(H&R) (ဥပမာ- ထိုင်းဆန်)ကဲ့သို့ စပါးမျိုး တစ်မျိုး နှစ်မျိုးကို အခြေအနေပေးသော ဒေသများ တွင် ဇုန်သတ်မှတ်စိုက်ပျိုးရန် မူ ပါဝင်
သင့် ပါသည်။

ပြည်တွင်း စားသုံးမှုအတွက်လည်း သီးခြားဧရိယာ သတ်မှတ်စိုက်ပျိုးရန် မူပါဝင်သင့်ပါသည်။ အဆင့်မြင့် အရည် အသွေးကောင်း
စပါးမျိုး ဘယ်ကရမလဲ၊ ဘယ်သူ၊ ဘယ်အဖွဲ့အစည်းက တာဝန်ယူ ဖြန့်မလဲ စဉ်းစားရပါမည်။ အဆိုပါ စပါးမျိုး ကို  လယ်သမားက
ကိုယ်တိုင် လက်ဝယ် မျိုးထားသည့်စနစ် ပပျောက်အောင် ဆောင်ရွက် ဖို့ လိုပါသည်။ သို့မဟုတ်လျှင် စပါးမျိုး၏ အရည်အသွေးကျ
ဆင်း ပျက်စီးသွား နိုင်ပါသည်။ စပါးမျိုးနှင့်ပတ်သက်၍ စာရေးသူ လေ့လာခဲ့ရသော ထိုင်းနိုင်ငံ၏ မူဝါဒနှင့် ဆောင်ရွက်နေသော
လုပ်ငန်းစဉ်ကို တင်ပြ ပါမည်။ ထိုင်းနိုင်ငံတွင် အဆင့်မြင့် အရည် အသွေးကောင်း စပါးမျိုးထုတ်လုပ်သော ကုမ္ပဏီကြီးရှစ်ခုရှိပါ
သည်။

၎င်း ကုမ္ပဏီတွင် ဘာသာရပ်အလိုက် ဒေါက်တာဘွဲ့၊ မဟာသိပ္ပံဘွဲ့များစွာ ခန့်ထား ဆောင်ရွက် နေသည်ကို တွေ့ရသည်။ မျိုး
ကောင်း မျိုးသန့် ထုတ်လုပ်သည့် စိုက်ကွင်းကြီးများ၊ သုတေသန စိုက်ကွက်များဖြင့် အစဉ် ဆန်းသစ်နေသည်။ လယ်သမားများက
ကိုယ်တိုင်မျိုးထားစရာ မလိုပါ။ စိုက်ချိန်၊ ပျိုးချိန်တွင် မျိုးစေ့ထုတ်လုပ်သည့် ကုမ္ပဏီ ကြီးများသည် ထိုင်းနိုင်ငံ ဆန်စက်နှင့် ဆန်
စပါးအသင်းချုပ်ကြီးမှတစ်ဆင့် တောင်သူ လယ်သမားများသို့ စပါးမျိုး လက်ငင်းရောင်း၊ သီးနှံပေါ်ပေးဖြင့် ဖြန့်ဖြူး ပေးပါသည်။
စပါးပေါ်သော အခါ မျိုးစပါးအတွက် တန်ဖိုးကို စပါးဖြင့် ပြန်လည် ကောက်ခံယူ ပါသည်။ အဆင့်မြင့် အထွက် ကောင်းစပါးတစ်မျိုး၊
နှစ်မျိုးကိုသာ တစ်ကွင်းတစ်စပ်တည်း ဇုန်အလိုက် စိုက်ပျိုးခြင်း တွန်းအား ပေးစရာမလိုဘဲ အလိုလို စိုက်ဖြစ် သွားပါသည်။

ထို့အတူ ဆန်စပါး စိုက်ပျိုးရေး အတွက် ၀န်ဆောင်မှု လုပ်ဆောင် ပေးသော ကုမ္ပဏီကြီး များလည်း များစွာရှိပါသည်။ တောင်သူ
လယ်သမား များက လယ်ကွက်ကို ထွန်ယက်ချင်လျှင်၊ စက်နဲ့စိုက်ပျိုးချင်လျှင် ၀န်ဆောင်မှု ကုမ္ပဏီကြီး များသို့ ဖုန်းဖြင့် ဆက်
လိုက်ရုံဖြင့် လယ်ကွင်းထိ လာရောက်၍ လုပ်ငန်းအပြီးထိ တာဝန်ယူ ဆောင်ရွက် ပေးသွားသည်။ ၀န်ဆောင်မှု လုပ်အားခကို စပါး
ဖြင့် ပြန်လည်ကောက်ယူပါသည်။ တစ်ဖန် ကုမ္ပဏီကြီးများမှလည်း စပါး အတွက် လိုအပ်သည့် ဓာတ်မြေသြဇာ သွင်းအားစု များ
ကိုလည်း သီးနှံပေါ်ပေးနှင့် ထုတ်ပေးသည်။

တန်ဖိုးကို စပါးဖြင့်  ပြန်လည် ကောက်ယူသည်။ တောင်သူ လယ်သမားများထံမှ စပါးကိုလည်း မျှတသော ဈေးနှင့် ၀ယ်ယူပေး
သည်။ ပြီးလျှင် ရရှိသော စပါးများကို အဆင့်မြင့် ဆန်စက်ကြီး များတွင် ကြိတ်ခွဲ၍ ပြည်ပသို့ တင်ပို့ ရောင်းချသည်။ ဆန်တစ်တန်
အမေရိကန် ဒေါ်လာ ၅၀၀ မှ ၆၀၀ ခန့် ရရှိသည်။ မြန်မာ့ဆန် စပါး မူဝါဒတွင် မျိုးစေ့ထုတ်လုပ်သော ကုမ္ပဏီကြီးများ မဖြစ်မနေ
ထူထောင်ကြရန်၊ လယ်ယာကဏ္ဍ၀န်ဆောင်မှု ကုမ္ပဏီ ကြီးများ မဖြစ်မနေထူထောင်ကြရန် မူ တစ်ရပ်အနေဖြင့် ပါဝင်ရေးဆွဲသင့်
ပါသည်။ တောင်သူ လယ်သမားများ အတွက် စိုက်ပျိုး စရိတ်ချေးငွေ၊ ထောက်ပံ့ငွေမှာ လယ်ယာ အရင်းအနှီးဖြစ်၍ အရေးကြီးပါ
သည်။

ထိုင်းနိုင်ငံတွင် နိုင်ငံတော်မှ စိုက်ပျိုး စရိတ်ချေးငွေအပြင် ထိုင်းဘုရင်၏ သီးခြား ရန်ပုံငွေမှလည်း ထုတ်ပေး ပါသည်။ ထိုင်းဘုရင်
ပေးသော အရင်းအနှီးမှာ လယ်ယာ ကဏ္ဍ ဖွံ့ဖြိုးရေးအတွက်ဖြစ်သဖြင့် ပြန်ဆပ်စရာ မလိုကြောင်း သိရပါသည်။ တောင်သူ
လယ်သမားကြီးများ အတွက် ထောက်ပံ့ငွေ၊ ချေးငွေများနှင့်ပတ်သက်၍ မူဝါဒ  သတ်သတ် မှတ်မှတ် ပါဝင်သင့်ပါသည်။ အိန္ဒိယ
နိုင်ငံနှင့် ထိုင်းနိုင်ငံ တို့တွင် သီးနှံများ သဘာဝ ဘေးဒဏ် များကြောင့် ပျက်စီးခြင်း၊ ဆုံးရှုံးခြင်းများ အတွက် သီးနှံ အာမခံ ဥပဒေ
သတ်မှတ်၍ တန်ဖိုး အလိုက် အာမခံ ငွေထုတ် ပေးသည့် စနစ် ဆောင်ရွက် ပါသည်။

ရေဘေး ကြုံကြုံ၊ လေဘေး ဒဏ်ခံရခံရ လယ်သမား ကြီးများ ပူပန် နေစရာ မလို၊ သီးနှံ အာမခံကြေး ရရှိကြပါသည်။ ယခု အခါ
ထိုနိုင်ငံ များတွင် သဘာဝ ဘေးဒဏ် သီးနှံ အာမခံ ထားသည့် လယ်သမား ဦးရေ တိုးပွားလျက်ရှိသည်ဟု သိရသည်။ မြန်မာ
နိုင်ငံရှိ တောင်သူလယ်သမားများ သည်လည်း မိုးဒဏ်၊ လေဒဏ်၊ မုန်တိုင်းဒဏ်၊ ရေကြီးနစ်မြုပ်မှုဒဏ် ခံကြရ၍ သီးနှံ များစွာ
ပျက်စီး ဆုံးရှုံးခံ ခဲ့ကြရသည်။ သို့ဖြစ်လျှင် မြန်မာ့ တောင်သူ လယ်သမားများ အတွက်လည်း သဘာဝ ဘေးဒဏ် သီးနှံ ဆုံးရှုံး
ပျက်စီးမှု အာမခံ ဥပဒေ ရေးဆွဲ သတ်မှတ် ပြဋ္ဌာန်းရန် မူတစ်ရပ် အဖြစ် ပါဝင်သင့်ပါသည်။ နောက်တစ်ချက် မှာ ဆန်စပါး စိုက်ပျိုး
ရေး လုပ်ငန်းတွင် စက်ကရိယာ အပြည့်အ၀သုံးရေး၊ စက်မှု လယ်ယာစနစ် ပြောင်းလဲရေးဖြစ်ပါသည်။

ကမ္ဘောဒီးယား နိုင်ငံတွင် ဆန်စက်နှင့် ဆန် စပါးလုပ်ငန်းရှင်များ အသင်းချုပ် ရှိပါသည်။ အဆိုပါအသင်းသည်  NGO  အသင်း
စစ်စစ် ဖြစ်သည်။ လွတ်လပ်စွာ ဆုံးဖြတ် ဆောင်ရွက်ခွင့်ရှိပါသည်။ နိုင်ငံတော် အစိုးရ၏ လွှမ်းမိုးချုပ်ကိုင်မှု လုံးဝ မပါဝင်ပါ။ မူဝါဒ
သတ်မှတ်ပေးရုံသာ ဆောင်ရွက်သည်။ ကမ္ဘောဒီးယားနိုင်ငံ၏ ဆန်စပါးနှင့် ဆန်စပါး လုပ်ငန်းရှင်များ အသင်းချုပ်တွင် ကမ္ဘော
ဒီးယား လယ်သမား ရာခိုင်နှုန်း ၉၀ ကျော် အသင်းဝင် အသင်းသားများ ဖြစ်ပါသည်။

လုပ်ဆောင်မှု မှန်ကန်ကောင်းမွန် သဖြင့် အသင်းကြီးက လယ်သမားကြီးများ အပေါ် သြဇာကြီးမားပါသည်။ အသင်းကြီးတွင်
ဒေသ အလိုက် ဆန်စပါးနှင့် အခြား သီးနှံဝယ်ယူ၊ ကြိတ်ခွဲ၊ သိုလှောင်တင်ပို့ စခန်းကြီးများရှိသည်။ ၎င်း စခန်းများတွင် ခေတ်မီ ဆန်
စက်ကြီးများ၊ အခြောက်ခံ စက်ကြီးများ၊ သန့်စင် စက်ကြီးများ၊ အအေးခန်း သိုလှောင်ရုံကြီးများ၊ ရုံးများ ပါဝင်ဖွဲ့စည်း ထားပါသည်။
အသင်းကြီးသည် တောင်သူ လယ်သမားကြီး များသို့ မျိုးများ တာဝန်ယူ ဖြန့်ဝေပေး ပါသည်။ လယ်သမားများ ကိုယ်တိုင်မျိုး ထား
စရာ မလိုပါ။ သီးနှံစိုက်ရန် (အထူး သဖြင့် စပါး)အတွက် အသင်းကြီးမှ ကောက်စိုက်စက်၊ ထွန်စက်ကြီး၊ လတ်၊ ငယ်၊ စပါး ရိတ်သိမ်း
ခြွေလှေ့စက်ကြီးများကို တောင်သူ လယ်သမားကြီးများသို့ အနည်းဆုံး အနှစ် ၂၀၊  နှစ်ရှည် အရစ်ကျစနစ်ဖြင့် ရောင်းချပေးပါသည်။

တန်ဖိုးကို စပါးဖြင့် အသင်းမှ ပြန်ကောက် ခံယူပါသည်။ ကမ္ဘောဒီးယား နိုင်ငံတွင် လွယ်လွယ်ဖြင့်ပင် စက်မှု လယ်ယာ စနစ်သို့
အလိုလို ကူးပြောင်းသွား ပါသည်။ တောင်သူ လယ်သမား ထွက်လာသော စပါးများကိုလည်း စခန်းကြီးများမှ မျှတသောဈေးဖြင့်
ဝယ်ယူပြီး ကြိတ်ခွဲ ပါသည်။ ၎င်း အသင်းကြီးမှပင် ပြည်ပသို့ တင်ပို့ ရောင်းချပါသည်။ နမူနာယူစရာ စနစ်ကောင်း တစ်ခုဖြစ်ပါသည်။
မြန်မာ့ ရေမြေ သဘာဝ အလေ့အထနှင့် လိုက်လျောညီထွေ ဖြစ်မည့် မူတစ်ရပ်အဖြစ် ပါဝင်ရေးဆွဲသင့် ပါသည်။ ဆန်စပါး ရောင်း
ဝယ်ဖောက်ကား ကြိတ်ခွဲ သိုလှောင် တင်ပို့သူများ အပိုင်းအတွက် စဉ်းစားရပါမည်။

မြန်မာနိုင်ငံတွင် အနှောင်အဖွဲ့ကင်းသော၊ လွတ်လပ်စွာ ဆုံးဖြတ်ဆောင်ရွက်ပိုင်ခွင့်ရှိသော၊ ကျွမ်းကျင်သော ဆန်စက်ပိုင်ရှင်များ၊
ဆန်  ကုန်သည်ကြီးများ၊ တောင်သူ လယ်သမားများ အလွှာလိုက်ပါဝင်သော အသင်းကြီး တစ်သင်း ထူထောင်ရန် လိုအပ်ပါသည်။
အဆိုပါအသင်းတွင် သမားဂုဏ်တက်နေသော ပုဂ္ဂိုလ်များချည်းလည်း မဖြစ်သင့်ပါ။ အလုပ်ဖြစ်မည်မဟုတ်ပါ။ အမှန်တကယ်အ
လုပ် ဖြစ်အောင်လုပ်မည့် အသင်းကြီး ဖြစ်သင့်ပါသည်။ ဆန်အရည်အသွေးကို ထိန်းနိုင်ရန်အတွက် ပုဂ္ဂလိကပိုင်၊ အသင်းပိုင်
အဆင့်မြင့် ဆန်စက်ကြီးများ၊ အခြောက်ခံစက်ကြီးများ၊ သန့်စင်စက်ကြီး များ၊ သိုလှောင်ရုံကြီးများ ထူထောင်ရန် လိုအပ်ပါသည်။
တောင်သူလယ်သမား များထံမှ စပါးများကို မည်သို့ဝယ်ယူမည်၊ မည်သို့ခွဲဝေကြိတ်ခွဲ တင်ပို့မည် စသည့်မူ များ ပြတ်ပြတ်သားသား
ပါဝင်သင့် ပါသည်။ ရေးဆွဲရာတွင် ကဏ္ဍအလိုက် လုပ်ငန်းစဉ်များ၊ နည်းလမ်းများ အသေးစိတ် ပါဝင်ရမည်ဖြစ်ပါကြောင်း ရေးသား
လိုက်ရပါသည်။

- အောင်ဆန်း (စိုက်ပျိုးရေး)

မြန်မာတောင်သူကြီးများ ဂျာနယ်

Follow Us