မြန်မာ့ကုမ္ပဏီဆိုင်ရာကဏ္ဍအတွက် ဥပဒေသစ် ........

မြန်မာ့ကုမ္ပဏီဆိုင်ရာကဏ္ဍအတွက် ထိရောက်စွာ ပြုပြင်ပြောင်းလဲပေးမည့် ဥပဒေသစ်

မြန်မာနိုင်ငံဟာ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုအားကောင်းလာစေဖို့ သိသာထင်ရှားတဲ့ စီးပွားရေး ဆိုင်ရာ ဖြေလျှော့မှုတွေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိပါတယ်။ စီးပွားရေးဆိုင်ရာ ဖြေလျှော့မှုတွေ ဆောင်ရွက်ရာမှာ အထောက်အကူပြုစေမယ့် ဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုကို ဆောင်ရွက်ဖို့လည်း အချိန်သင့်ပြီ ဖြစ်ပါ တယ်။ ဒေသတွင်းမှာရှိတဲ့ ပတ်ဝန်းကျင်နိုင်ငံတွေမှာ ကုမ္ပဏီ ဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှု တွေလုပ်ခဲ့ပြီးတဲ့နောက် သိသာ ထင်ရှားတဲ့စီးပွားရေးတိုးတက်လာ မှုတွေ ပေါ်ထွက်ခဲ့တာကို လည်း တွေ့ ခဲ့ရပြီးဖြစ်ပါတယ်။ အဲဒီလို ကုမ္ပဏီဥပဒေကို ပြုပြင် ပြောင်းလဲတဲ့အခါ ကုမ္ပဏီ လွယ်လွယ်ကူကူ ထူထောင်နိုင်ဖို့၊ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေအပေါ် သက်ရောက် နေတဲ့ဥပဒေဆိုင်ရာ ဝန်ထုပ်ဝန်ပိုးတွေ လျှော့ချပေးဖို့၊ ကော်ပို ရိတ် စီမံအုပ်ချုပ်မှု ပိုမိုအားကောင်းလာစေဖို့နဲ့ ကုမ္ပဏီရဲ့ ရှယ်ယာတွေကို စီမံခန့်ခွဲတဲ့အခါ ပြောင်းလွယ်ပြင်လွယ်ရှိစေဖို့ ဆောင်ရွက်ခဲ့ ကြတာကို တွေ့ရပါတယ်။ ဒီလိုဆောင်ရွက်ချက် တွေထဲမှာ စီးပွားရေးလုပ်ငန်းတစ်ခု လွယ်လွယ်ကူကူ စတင်ထူထောင် လုပ်ကိုင်နိုင်ဖို့၊ စွန့်စားတီထွင်လုပ်ကိုင် မှုတွေကို ထောက်ကူပေးဖို့နဲ့ ပုဂ္ဂလိကကဏ္ဍကို အားကောင်းမောင်းသန် ဖွံ့ ဖြိုးတိုးတက်စေဖို့ ဦးတည်ဆောင်ရွက်ခဲ့တာကိုလည်း တွေ့ရှိရပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိကျင့်သုံးဆဲဖြစ်တဲ့ ၁၉၁၄ ခုနှစ် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေဟာ သက်တမ်းရာကျော် ခဲ့ပြီဖြစ်ပါတယ်။ ဒီဥပဒေဟာ ဒေသတွင်းမှာရှိတဲ့ စင်ကာပူ၊ မလေးရှား၊ ဟောင်ကောင် စတဲ့နိုင်ငံတွေမှာ ကျင့်သုံးနေတဲ့ ကုမ္ပဏီဥပဒေများနဲ့ အခြေခံဝိသေသခြင်း တူညီမှုများစွာရှိတာ တွေ့ရပါတယ်။ သို့ပါသော်လည်း မြန်မာနိုင်ငံရဲ့ ဥပဒေမှာပါရှိတဲ့ ပြဋ္ဌာန်းချက်အချို့ဟာ ၁၉ ရာစုအချိန်က စီးပွားရေးဝန်းကျင် အတွက် ရေးဆွဲခဲ့တာဖြစ်လို့ များစွာ ခေတ်နောက်ကျနေပြီး ဝန်ထုပ်ဝန်ပိုးဖြစ်စေမယ့် ဥပဒေလိုလားချက်တွေ ပါရှိနေတာ လည်း တွေ့ရပါတယ်။ ဒီလို လိုလားချက်တွေထဲမှာ ကုမ္ပဏီရဲ့ နာမည်ပြောင်းချင်ရင် သမ္မတထံက အတည်ပြုချက်ရယူရတာ၊ ကုမ္ပဏီရဲ့လုပ်ငန်းရည်ရွယ်ချက်ပြောင်းချင်ရင် တရားရုံးရဲ့ အတည်ပြုချက် ရယူဖို့လိုအပ်တာ စတာတွေလည်း ပါဝင်နေပြန် ပါတယ်။

မြန်မာနိုင်ငံရဲ့ ကုမ္ပဏီအက်ဥပဒေနဲ့ ဆင်တူတဲ့ အခြားနိုင်ငံ တွေကတော့ သူတို့ရဲ့ကုမ္ပဏီဥပဒေများကို ခေတ်မီစီးပွားရေး လုပ်ငန်းများရဲ့ ပကတိအခြေအနေနဲ့ကိုက်ညီအောင် နိုးနိုး ကြားကြား ပြုပြင်ပြောင်းလဲထားခဲ့ကြပြီး ဖြစ်ပါတယ်။ ကုမ္ပဏီ ဥပဒေများကို ထဲထဲဝင်ဝင် ပြုပြင်ပြောင်းလဲမှုတွေဟာ ပြီးခဲ့တဲ့ နှစ် အနည်းငယ်ကတည်းက အရှိန်ရထားပြီးဖြစ်ပါတယ်။ စင်ကာပူနိုင်ငံက ကုမ္ပဏီအက်ဥပဒေအသစ်ကို ၂၀၁၅ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့ပြီး ဟောင်ကောင်ကလည်း ကုမ္ပဏီဆိုင်ရာဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ကို ၂၀၁၄ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့အပြင် မလေးရှားနိုင်ငံကလည်း လွန်ခဲ့တဲ့ လအနည်းငယ်အတွင်းက ကုမ္ပဏီအက်ဥပဒေသစ်ကို ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပါတယ်။ ဒီဥပဒေ သစ်တွေရဲ့ အဓိကပြောင်းလဲချက်တွေဟာ ယူနိုက်တက်ကင်းဒမ်း၊ ဩစတြေးလျနဲ့ နယူးဇီလန်နိုင်ငံ အစရှိတဲ့ ဥပဒေကျောရိုးတူညီ တဲ့နိုင်ငံတွေမှာ ကျင့်သုံးခဲ့တဲ့ စမ်းသပ်ကျင့်သုံးဆောင်ရွက်မှု အယူအဆအရ ဖြစ်ပေါ်လာခဲ့တဲ့ အတွေ့အကြုံနဲ့ ဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေရဲ့ရလဒ်တွေကို အခြေခံဆောင်ရွက် ထားကြကြောင်းလည်း တွေ့ရပါတယ်။

ထိုနည်းတူပါပဲ မြန်မာနိုင်ငံအနေနဲ့လည်း ကုမ္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ နိုင်ငံစီးပွားရေးရဲ့ကဏ္ဍစုံမှာ ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်စေဖို့ အလားတူ သိသာထင်ရှားတဲ့ ပြုပြင် ပြောင်းလဲမှုကို စတင်တော့မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကုမ္ပဏီ များဥပဒေ (မူကြမ်း) ကို နိုင်ငံတကာအတွေ့ အကြုံတွေအပြင် စင်ကာပူ၊ မလေးရှား၊ ဟောင်ကောင်စတဲ့ နိုင်ငံတွေမှာ ဆောင်ရွက်ခဲ့တဲ့ ကုမ္ပဏီဥပဒေ ပြုပြင်ပြောင်းလဲမှုရလဒ်တွေ ကိုသုံးသပ်ပြီး ပြင်ဆင်ရေးဆွဲခဲ့တာဖြစ်ပါ တယ်။ မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ (မူကြမ်း) မှာ အောက်ပါအဓိကပြောင်းလဲမှု ပါဝင်လာမှာ ဖြစ်ပါ တယ်-

(၁) ပုဂ္ဂလိကကုမ္ပဏီများကို ဒါရိုက်တာတစ်ဦး၊ ရှယ်ယာ ပိုင်ရှင်တစ်ဦးနဲ့ ဖွဲ့စည်းတည်ထောင်ခွင့်ပြုမှာ ဖြစ်တဲ့အတွက် များစွာလွယ်ကူ ရှင်းလင်းသွားမှာ ဖြစ်ပါတယ်။
(၂) ကုမ္ပဏီအငယ်စားတွေအပေါ် နှစ်စဉ် နှစ်ပတ်လည် အစည်းအဝေးကျင်းပရခြင်း၊ နှစ်စဉ် ဘဏ္ဍာရေး ဆိုင်ရာ ရှင်းတမ်းများပေးပို့ရခြင်းစတဲ့ လိုအပ်ချက် တွေ ဖယ်ရှားပေးသွားမှာ ဖြစ်ပါတယ်။
(၃) အစည်းအဝေးကျင်းပခြင်းအစား ရှယ်ယာပိုင်ရှင်များ နဲ့ ဒါရိုက်တာများ သဘောတူလက်မှတ်ရေးထိုးထား တဲ့ စာနှင့် ရေးသားထားသောဆုံးဖြတ်ချက်ကိုလည်း လက်ခံပေးသွားမှာဖြစ်ပါတယ်။
(၄) သင်းဖွဲ့မှတ်တမ်း၊ သင်းဖွဲ့စည်းမျဉ်းတင်ပြရခြင်း လိုအပ်ချက်ကိုလည်း ပယ်ဖျက်ပေးပြီး ကုမ္ပဏီရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းကိုသာတင်ပြဖို့ လိုအပ်တော့ မှာဖြစ်ပါတယ်။
(၅) ကုမ္ပဏီတွေအနေနဲ့ မိမိတို့ရဲ့ ရှယ်ယာတိုးခြင်း၊ လျှော့ခြင်းဆိုင်ရာကိစ္စရပ်တွေကို လွယ်ကူ လွတ်လပ်စွာ ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်။
(၆) ကုမ္ပဏီတွေရဲ့ စီမံခန့်ခွဲမှုတွေဟာ နိုင်ငံတကာ ကော်ပိုရိတ် စီမံအုပ်ချုပ်မှု စံနှုန်းတွေနဲ့ ကိုက်ညီ သွားအောင် ကုမ္ပဏီဒါရိုက်တာတွေရဲ့ ဥပဒေဆိုင်ရာ တာဝန်ဝတ္တရားတွေကိုလည်း ထည့်သွင်းပြဋ္ဌာန်း သွားမှာ ဖြစ်ပါတယ်။

အဆိုပါပြုပြင်ပြောင်းလဲမှုတွေဟာ ကုမ္ပဏီတွေရဲ့ စီမံ ဆောင်ရွက်မှုနဲ့ ကော်ပိုရိတ်ဆိုင်ရာ ကိစ္စရပ်တွေကို ခေတ်နဲ့အညီ ဖြစ်ပေါ်ပြောင်းလဲစေမှာ ဖြစ်ပါတယ်။ ကုမ္ပဏီတွေဟာ ဥပဒေ ဆိုင်ရာလိုအပ်ချက်တွေကို ရှင်းလင်းစွာ သိမြင်စေမှာဖြစ်ပြီး မိမိရဲ့ အခြေအနေပေါ် မူတည်ကာ ကုမ္ပဏီအတွင်း လွတ်လပ်စွာ ဆုံးဖြတ်ဆောင်ရွက်ခွင့်တွေရရှိသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကုမ္ပဏီတွေရဲ့ ပွင့်လင်းမြင်သာရှိမှု၊ ဒါရိုက်တာတွေရဲ့ တာဝန်ခံမှု နဲ့ ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံသူတွေကို ပိုမိုထိရောက်စွာ အကာအကွယ် ပေးနိုင်မှုတွေကိုလည်း တိုးတက်ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ကုမ္ပဏီတွေအဖို့ ရှင်းလင်း ပြတ်သားမှုမရှိဘဲ ဝန်ထုပ်ဝန်ပိုးဖြစ်နေခဲ့တဲ့ စည်းမျဉ်း စည်းကမ်းတွေကြောင့် ဥပဒေလိုက်နာကျင့်သုံးမှု အားနည်းခဲ့ ရတဲ့အဖြစ်နဲ့ နှစ်ပေါင်း များစွာ ကြုံတွေ့နေရတာဖြစ်တဲ့အတွက် ဒီလိုပြုပြင်ပြောင်းလဲမှု တွေလိုအပ်နေတာ ကြာခဲ့ပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့စီးပွားရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ ကို ခေတ်နဲ့အမီ လိုက်နိုင်ဖို့ များစွာ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာက္ဘာ့ဘဏ်ရဲ့စီးပွားရေးလုပ်ငန်းများ လုပ် ဆောင်ခြင်းနဲ့ပတ်သက်ပြီး စိစစ်ချက်တွေဖြစ်တဲ့ ဘယ်လောက် လွယ်လွယ်ကူကူကုမ္ပဏီထောင်နိုင်တယ်၊ အငယ်စားရှယ်ယာ ဝင်များကို ဘယ်လောက်အကာအကွယ်ပေးနိုင်တယ်၊ ပဋိညာဉ်စာချုပ်တွေကို ဘယ်လိုအသက်ဝင်အောင် လုပ်နိုင် တယ် စတဲ့ အဆင့်တိုင်းတာချက်မှာ အဆင့် ၁၆၇ မှာ ရှိနေ ပါတယ်။ ကုမ္ပဏီ ဥပဒေအခြေခံချင်းတူညီကြတဲ့ ဒေသတွင်း နိုင်ငံတွေကို ပြန်ကြည့်လိုက်ရင် မလေးရှားအဆင့် ၁၆၊ ဟောင်ကောင်အဆင့် ငါး၊ စင်ကာပူအဆင့်တစ် စသည်ဖြင့် မိမိတို့ထက် အဆင့်မြင့်မားစွာရှိနေတာကိုလည်း တွေ့ရပြန် ပါတယ်။ ဒီရလဒ်တွေဟာ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့သင်ခန်းစာတွေပဲ ဖြစ်ပါတယ်။ သုတေသနပြု
လေ့လာချက်တွေအရ စီးပွားရေး လုပ်ဆောင်မှုအဆင့် သတ်မှတ်ချက်ကောင်းကောင်းရရှိမှုဟာ ကုမ္ပဏီထူထောင်မှု တိုးတက်များပြားလာခြင်းနဲ့ စီးပွားရေးတိုးတက်မှု အင်အားကောင်းမွန်လာခြင်း အပေါ်မှာ မူတည်တယ်လို့လည်း တွေ့ရှိ ရပါတယ်။

ယခုရေးဆွဲထားပြီးဖြစ်တဲ့ ကုမ္ပဏီဥပဒေသစ်ဟာ အဆိုပါ အခြေအနေများကို ဖန်တီးနိုင်ဖို့ ကုမ္ပဏီမှတ်ပုံတင်ခြင်း၊ ကုမ္ပဏီအငယ်စားများအတွက် စည်းမျဉ်းစည်းကမ်းများ လျှော့ချပေးခြင်း၊ ကုမ္ပဏီရေးရာကိစ္စတွေမှာ လုပ်သာကိုင်သာ ရှိမှု ပိုကောင်းအောင် ဆောင်ရွက်ပေးထားခြင်းနဲ့၊ စည်းမျဉ်း စည်းကမ်းလိုက်နာမှုတိုးတက်စေခြင်းတို့နဲ့ အထောက်အကူပြု ထားတာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေသစ်ဟာ မြန်မာနိုင်ငံကို ကုမ္ပဏီများစီမံခန့်ခွဲမှုနဲ့ စည်းမျဉ်းစည်းကမ်း ဆိုင်ရာကဏ္ဍသစ်နဲ့အတူ ၂၁ ရာစုရဲ့ ခေတ်မီစီးပွားရေးဝန်းကျင် တစ်ရပ်ဆီသို့ မကြာမီ စတင်ခေါ်ဆောင်သွား တော့မှာဖြစ်ပါတယ်။

မောင်ဋီကာ

credit: Directorate of Investment and Company Administration

www.baganmart.com

Follow Us