ပညာရှင် နဲ့ စီးပွားရေးလုပ်ငန်းရှင် ...Article

ပညာရှင် နဲ့ စီးပွားရေးလုပ်ငန်းရှင် …
++++++++++++++++++++++++++

ပညာရှင် စီးပွားရေးလုပ်ငန်းရှင် … ဆိုတဲ့ စာစုကို B2B မှာ ရေးခဲ့ပြီးတော့ ပြီးခဲ့တဲ့ရက်ပိုင်း က ဓါတ်ကျလာလို့ အွန်လိုင်းပေါ်မှာတင်လိုက်တယ် … ပြီးတော့ လွန်ခဲ့တဲ့ တစ်လ နှစ်လ လောက် က အင်္ဂလိပ်စာ ဆရာ တစ်ယောက် ကျွန်တော့်ကို လာတိုင်ပင်တဲ့ အကြောင်းကို ပြန်သတိရပြီး ပညာရှင် နဲ့ စီးပွားရေးလုပ်ငန်းရှင် ဆိုတာကို (၂) ပိုင်းခွဲပြီး စာစု တစ်ခုလောက် ရေးချင်လာမိတယ် … …

အဲဒီဆရာလေးက ကျွန်တော့်ကို လာတိုင်ပင်ပါတယ် … သူက ခုလက်ရှိ သင်တန်းကျောင်း တစ်ကျောင်းဖွင့်ချင်တယ် … သူ့မှာ အရင်းအနှီး အပြည့်အဝ မရှိဘူး … သူ့ကို ငွေထုတ် ပေးမယ့်သူလည်း ရှိတယ် … အဲဒါ အကျိုးအမြတ်ကို ဘယ်လို ခွဲဝေသင့်လဲ ဆိုပြီးတော့ တိုင်ပင်တာပါ …

ပညာရှင် တော်တော်များများဟာ ကိုယ့်ရဲ့ ပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုတဲ့အခါ ငွေရေးကြေးရေးထက် … အရည်အသွေးကိုပဲ အဓိက တန်ဖိုးထားပါတယ် … ဥပမာ ကျွန်တော်တို့ စာသင်တဲ့သူဆိုရင်လည်း ငွေအများကြီး ရသည်ဖြစ်စေ … မရသည်ဖြစ်စေ … ကိုယ်သင်ပေး လိုက်လို့ တတ်မြောက် သွားတာကိုကြည့်ပြီး ကျေနပ်တယ် … ထို့အတူ အင်ဂျင်နီယာ ပညာရှင် ဆိုကြပါစို့ … သူကလည်း ငွေအများကြီးရတာ မရတာထက် ကိုယ်ဆောက်လိုက်တဲ့ အဆောက်အဦ လှပသေသပ် ခိုင်ခန့် နေတာကို ကြည့်ပြီး ကျေနပ်နေမှာပါ …

စီးပွားရေး လုပ်ငန်းရှင် ဆိုတာထက် စီးပွားရေးသမားကတော့ လုပ်လိုက်တဲ့ အလုပ်တစ်ခု မှာ အမြတ်မရှိရင် သူ သိပ်မစဉ်းစားချင်ပါဘူး … လောလောဆယ် မမြတ်သေးဘူးဆိုရင်တော့ ဘယ်အချိန်မှာ ဘယ်လောက်အထိ မြတ်နိုင်လဲ ဆိုတာကို သိချင်ပါတယ် … ပညာရှင်ကလည်း မြတ်တယ်/ မမြတ်ဘူး ဆိုတာထက် အရည်အသွေးကိုပဲ အဓိက စိတ်မဝင်စားတော့ ပန်းတိုင် မတူတာတွေ ဖြစ်လာပါတယ် … ။

ဥပမာ - ကျွန်တော်အနေနဲ့ စာသင်တာကိုပဲ ဥပမာ ထားပြီး ဆက်ပြောပါမယ် … ဆိုကြပါစို့ သင်တန်းကျောင်း တစ်ကျောင်းမှာ ဒီနေ့ခေတ်ဝန်ထမ်းတွေရဲ့ အလုပ်ချိန်များမှုကြောင့် တနင်္ဂနွေ တရက်တည်း ကို အတန်းဖွင့်ဖို့ တောင်းဆိုကြတာတွေ ရှိမယ် … ကျွန်တော်က စာသင်တဲ့နေရာ က ကြည့်တော့ တစ်ပတ်မှာ တစ်ရက်တည်းပဲ သင်ရတဲ့အတွက် သင်တဲ့သူက သင်နိုင်ပေမယ့် သင်ယူသူက ခေါင်းမှာ ဆန့်ဖို့ ဘယ်လိုမှ မလွယ်ဘူး … မထိရောက်နိုင်ဘူး … အဲဒီတော့ ကျွန်တော် မဖွင့်ချင်ဘူး … (တစ်ပတ် ၂-ရက်တောင် အချိန်နည်းလို့ အခြားအတန်းတွေကို အားတိုင်း လာတက်ပါလို့ သင်တန်းသား/သူတွေကို အမြဲတမ်းမှာပါတယ် … ဒါပေမယ့် ဒီနေ့ခေတ် လူနေမှု ဘဝရဲ့ အလုပ်ချိန်တွေ များလွန်းတော့ ပိုက်ဆံထပ်မပေးရဘဲ တက်ဖို့ ခေါ်တာတောင် အချိန်က သိပ်မပိုတော့ စိတ်ကလာချင်ပေမယ့် ကိုယ့်အတန်းချိန်မဟုတ်တဲ့ အတန်းကို ထင်သလောက် မရောက်နိုင်ကြပါဘူး … စကားချပ်)

အဲဒါကိုပဲ စီးပွားရေး ရှုထောင့်က ကြည့်မယ်ဆိုရင် Customer က တောင်းဆိုတဲ့အတွက် Customer Need ရှိနေပြီ ဖြစ်တဲ့အတွက် Market လုံးဝ ရှိနေပြီ … အဲဒီမှာ မတတ်မြောက်ဘူး ဆိုရင်တောင် ကျောင်းသားလက်ခံအောင် သင်နိုင်မယ်ဆိုရင် Customer Satisfaction ရတဲ့အတွက် Brand Image ကို ထိခိုက်မှု မရှိဘူး … Income လည်း ပိုတက်လာမှာ ဖြစ်တဲ့အတွက် ဖွင့်သင့်တယ် …

ခုဏက တိုင်ပင်တဲ့ ဆရာလေးဟာ တကယ် ပူးပေါင်းလုပ်ကိုင် တော့မယ်ဆိုရင် အကျိုးအမြတ် ခွဲဝေမှု သာမက အဲဒီလို မတူညီတဲ့ ပန်းတိုင်တွေ ဖြစ်လာမယ်ဆိုရင် ဘယ်လို ဖြေရှင်းမလဲ … ဆိုတာတွေကို ထည့်သွင်းစဉ်းစားထားဖို့ လိုပါတယ် …

အစောပိုင်းက သူမေးတဲ့ အကျိုးအမြတ် ခွဲဝေမှု အပိုင်းကို ပြန်ဆက်ပါမယ် … ကျွန်တော်တို့ အဲဒီလို တစ်ခုခုကို ပူးပေါင်းဆောင်ရွက်ကြတဲ့အခါ အလွယ်ပဲ … မင်းက ပညာစိုက် ငါက ပိုက်ဆံစိုက်မယ် … ရတဲ့ အမြတ် တစ်ယောက် တစ်ဝက် …. 50% စီပေါ့ … အဲဒီလို လုပ်ကြတာ များတယ် … တကယ်တော့ အဲဒီလို လုပ်တဲ့အခါ လုပ်ငန်းအောင်မြင်သည်ဖြစ်စေ … မအောင်မြင်သည်ဖြစ်စေ … ရေရှည်မှာ သိပ်တော့ မလွယ်ဘူး … အောင်မြင်တယ်ဆိုရင်လည်း … ပညာရင်းပြီးလုပ်တဲ့သူက သူက ဘာမှ လုပ်ရတာမဟုတ်ဘူး … ငွေပဲ စိုက်ရတာ … တကယ်က ငါပဲ အားလုံး လုပ်နေရတာ လို့ တွေးလာနိုင်သလို … ငွေစိုက်တဲ့သူက သူက ဘာမှ ရင်းရတာ မဟုတ်ဘူး … ငါက ကုန်ကျစရိတ် အားလုံး ရင်းထားရတာ စသည်ဖြင့် ကွဲလွဲမှုတွေ ဖြစ်လာတတ်ပါတယ် …

ငွေဆိုတာ လူတွေရဲ့ သည်းချေကြိုက်လေ … လောကမှာ ငွေမကြိုက်တဲ့သူရယ်လို့ မရှိသလောက် ရှားလိမ့်မယ် … ဒါပေမယ့် သိက္ခာပိုင်းအရ ထိန်းသိမ်းမှု၊ မထိန်းသိမ်းမှု ဆိုတာတွေပဲ ကွာခြားပါမယ် … ။
အဲဒီတော့ ဒီလုပ်ငန်းတစ်ခုကို စတည်ပြီ ဆိုတာနဲ့ သင်ကြားရေး (အခြားလုပ်ငန်းဆိုရင်လည်း ပညာရပ်ပိုင်ဆိုင်ရာ ကဏ္ဍပေါ့) နဲ့ စီမံခန့်ခွဲမှု ဆိုပြီးတော့ အကြမ်းဖျဉ်း ကဏ္ဍခွဲသင့်ပါတယ် … အဲဒီအတွက် လစာနှုန်းထား သတ်မှတ်ဖို့လိုပါတယ် … ဥပမာ … စီမံခန့်ခွဲမှုအတွက် ဆိုတော့ ကျောင်းတာဝန်ခံ အနေနဲ့ လစာနှုန်းထားဘယ်လောက် သင်ကြားရေးအတွက် လစာ ဘယ်လောက် … ကျောင်းသား/သူ ဝင်ရောက်မှု အပေါ်မူတည်ပြီးတော့ ကျောင်းသား/သူ ၃၀ အထိ တစ်လမှာ ဘယ်လောက် ရာခိုင်နှုန်း၊ ၅၀ အထိ ဘယ်လောက် ရာခိုင်နှုန်း စသည်ဖြင့် ခွဲခြားသင့်တယ်လို့ ကျွန်တော်က အကြမ်းဖျဉ်း ပြောပြပါတယ် … ။

ဘာကြောင့်လဲဆိုတော့ တစ်ချို့က သူငယ်ချင်း မင်း ငါနဲ့ အတူတူတွဲလုပ်ကွာ မင်းကို ငါ တစ်လ ဘယ်လောက်ပေးမယ် … အစကတော့ အဆင်ပြေတယ် … နောက်ပိုင်းကြတော့ ပေးတဲ့သူကလည်း ပေးရတာ များတယ်လို့ ထင်လာတတ်သလို … ရတဲ့သူကလည်း ရတာ နည်းတယ်လို့ ထင်လာတတ်တယ် … ငွေဆိုတာ လုပ်ငန်းပူးပေါင်းသူခြင်းမပြောနဲ့ ညီအစ်ကို မောင်နှစ်မ အရင်းတောင် ပြဿနာတွေ တက်ကြသေးတာပဲ ဆိုတော့ …

နောက်တစ်ခုက ပညာရှင်က သူ့လုပ်ငန်းမှာ စွက်ဖက်ရင် မကြိုက်ပါဘူး … အပေါ်မှာ ပြောခဲ့သလို စီးပွားရေးသမားကလည်း ပိုက်ဆံရမယ်ဆိုရင် ဟိုလို လုပ်ပါလား .. ဒီလို လုပ်ပါလား … ဝင်ပြောတတ်ပါတယ် … အဲဒီထက် ဆိုးတာက တစ်ချို့က ခေါင်းပုံဖြတ် တတ်ပါတယ် … အဲဒါဆိုရင် Brand တစ်ခုရဲ့ အကွဲအပြဲ ဇာတ်လမ်း စတော့တာပဲ … ပညာရှင်ကလည်း ငတ်သေသွားပါစေ … ငါ့ဖာသာ လုပ်မယ် … မလုပ်တော့ဘူး ဖြစ်လာသလို … စီးပွားရေးသမားကလည်း ပိုက်ဆံရှိရင် နောက်တစ်ယောက် ခေါ်လို့ ရတယ်တွေ ဖြစ်လာကုန်ရော …

ပြောရင်တော့ တော်တော်များများကျန်ပါသေးတယ် … အချုပ်ပြောရရင်တော့ ဘယ်လုပ်ငန်းမဆို ကိုယ့်တစ်ယောက်တည်း တဖြည်းဖြည်းခြင်း တည်ဆောက်နိုင်ရင် တည်ဆောက်ပါ … တကယ်လို့ ပူးပေါင်းလုပ်ကြတော့မယ်ဆိုရင်လည်း သဘောသဘာဝတွေကို နားလည်ပြီး ညိနှိုင်းဆောင်ရွက်နှိုင်အောင် တစ်ဖက် နဲ့ တစ်ဖက် ဖြစ်ချင်တာတွေ ပွင့်ပွင့်လင်းလင်း ပြောပြပြီး Terms & Conditions ခိုင်ခိုင်မာမာ နဲ့ စနစ်တကျ လုပ်ကိုင်ကြပါလို့ … ပြောလိုက်ပါရစေ …

မေတ္တာဖြင့်

အောင်ကိုဦး(UMK)
Be the Best !

www.baganmart.com

Follow Us